ယင်းကဗျာတွင် စာဆိုကြီးဇော်ဂျီက လူ့ဘဝဖြစ်လာလျှင် အို၊ နာ၊ သေ ဟူသည့် ဒုက္ခနှင့် ကြုံတွေ့ကြရမည် ဆိုသော်လည်း မသေခင် မိမိမွေးဖွား နေထိုင်ရာ လူ့အဖွဲ့အစည်းနှင့် မြေကမ္ဘာကြီးကို မူလအခြေအနေထက် ဖွံ့ဖြိုး စည်ပင်ရန်၊ စာပေ၊ ယဉ်ကျေးမှုနှင့် လောကလုံးဆိုင်ရာ အမှန်တရားများ ပို၍ ထွန်းပလင်းလက်ရန် တာဝန်ထမ်းဆောင်သွားသင့်ကြောင်း တိုတောင်းထိမိသော စကားလုံးများဖြင့် ရေးဖွဲ့ထားခဲ့သည်ကို တွေ့ရသည်။
ယင်းကဗျာသည် စင်စစ်အားဖြင့် မြန်မာလူ့အဖွဲ့အစည်း အတွက်သာမက လူသား၊ လူ့ဘောင်လောက တစ်ခုလုံး အတွက်လည်း များစွာ တန်ဖိုးရှိသည့် ကဗျာတစ်ပုဒ်ဖြစ်သည်။
မြန်မာ့သမိုင်းတွင်ရော ကမ္ဘာ့သမိုင်းတွင်ပါ ခေတ်အဆက်ဆက် လူ့ဘောင်လောက ငြိမ်းချမ်းသာယာရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ လူသား အခွင့်အရေး တို့အတွက် တာဝန်များ ထမ်းဆောင်ပြီး ကွယ်လွန်သွားကြသည့် ဂုဏ်သိက္ခာရှိရှိ ထင်ပေါ်ကျော်ကြားသူ များစွာရှိခဲ့သည်။ ထို့အတူ ယင်းနှင့် ဆန့်ကျင်ဘက် နာမည်ဆိုးဖြင့် ထင်ရှားကျော်ကြားသူ လက်မရွံ့များလည်း ရှိခဲ့သည်။
သံသရာမှ မလွတ်မြောက်နိုင်သေးသည့် ကာလများစွာတွင် ကျွန်ုပ်တို့ အားလုံး ဘဝများစွာတွင် အဖန်ဖန် ကျင်လည်နေရဦးမည်ဖြစ်သည်။ သံသရာတွင် ကျွန်ုပ်တို့ သယ်ဆောင်သွားနိုင်မည့် အရာမှာ ကျွန်ုပ်တို့ပြုထားသည့် ကံ ခေါ် လက်တွေ့အလုပ်များ၏ ကောင်းခြင်း၊ ဆိုးခြင်း အကျိုးရလဒ်များ သာဖြစ်သည်။ ဘဝများစွာတွင် သက်တမ်းမကုန်မီ၊ မကွယ်လွန်မီ ကျွန်ုပ်တို့ ချန်ထားခဲ့မည့် အရာများမှာလည်း ကျွန်ုပ်တို့ပြုထားခဲ့သည့် ကောင်းမှု၊ ကုသိုလ်၊ မကောင်းမှု အကုသိုလ် “ကံ”များသာဖြစ်သည်။
လူသားတစ်ဦးချင်းစီ၏ ဂုဏ်သိက္ခာ အဆင့်အတန်းသည် ၄င်းကွယ်လွန် သွားသည့်အခါ ပတ်ဝန်းကျင်ရှိ လူအများက ၄င်းအပေါ်ထားသည့် ကြည်ညို လေးစားမှု၊ အသိအမှတ်ပြုမှု၊ တန်ဖိုးထားမှုကို ကြည့်လျှင် သိနိုင်သည်။
ရခဲလှသည့် လူ့ဘောင်အသိုင်းအဝိုင်းကို ရောက်ရှိလာသူ ကျွန်ုပ်တို့ အနေနှင့်လည်း မသေဆုံးခင် အချိန်တိုကလေးတွင် ကျွန်ုပ်တို့မွေးဖွားနေထိုင်ရာ တိုင်း၊ နိုင်ငံ အေးချမ်းသာယာစွာ ဖွံ့ဖြိုးရေးနှင့် မြေကမ္ဘာရှည်ကြာစွာ တည်တံ့ရေး အတွက် တတ်စွမ်းသမျှ တာဝန်ထမ်းဆောင်ကြရန် အရေးကြီးလှသည်။ ကျွန်ုပ်တို့ မည်သည့်အမှုကိစ္စကို ပြုသည်ဖြစ်စေ “သင်သေသွားသော်” ဟူသော စာဆိုကြီးဇော်ဂျီ၏ ကဗျာကို သတိပြုမိကြ စေလိုကြောင်း သတိပေးလိုရင်း ဖြစ်သည်။
အယ်ဒီတာ (၂၄-၄-၂၀၁၄)
{fcomment}